ဆရာက 3-Idiots ကြည့်ဖူးလားဆိုတော့
ကျနော်တို့ ကြည့်ဖူးတယ်လို့ဖြေရတာပေါ့
ဒါပေမယ့် အဲဒီဇာတ်ကားဟာ ကျနော်တို့ရဲ့ထွက်ပေါက်မဟုတ်ဘူး
ကျနော်တို့က ကာလာနှစ်ခုတည်းနဲ့ အကျည်းကျနေတာ
ခတ်တည်တည်နဲ့ အယောင်ဆောင်နေရတာ
Light Truck ကားတွေပေါ်က အရုပ်တွေပါ
ကျနော်တို့ ကျောင်းသင်ပုန်းတွေပေါ် စာသင်ခုံတွေပေါ်
ကျနော်တို့ရဲ့ ငြီးငွေ့မှုတွေ ဒဏ်ရာတွေ
လှောင်ပိတ်မှုတွေကို ရေးချလိုက်တယ်
ဘာကမှားတယ် ဘာကမှန်တယ်
ဘာအတွက်မှားရတယ် ဘာအတွက်မှန်ရတယ် ဆိုတာအတွက်
ကျနော်တို့ ဘယ်လောက်တောင် ရင့်ကျက်ပြရမလဲ
အမှားနဲ့အမှန်ကြားမှာ
အမှန်လိုလို အမှားလိုလိုအရာတွေ ရှိသေးတယ်ဆိုတာအတွက်
ကျနော်တို့ အချိန်တွေကြာမြင့်ခဲ့ရမယ်ပေါ့
အဲဒီအတွက်ရလဒ်က
ကျနော်တို့ဟာ စက်ရုံထွက်ကုန်ပစ္စည်းတွေလို
ထုတ်လုပ်ခံရပါမယ်
ဈေးကွက်ထဲမှာ အရည်အသွေးနိမ့်ကုန်ပစ္စည်းတွေအဖြစ်
စွန့်ပစ်ခံရပါမယ်
တစ်ချက်လောက်လင်းပစ်လိုက်တာနဲ့ အသက်ခြွေကျည်တစ်တောင့်ဟာ
ကျနော်တို့ဦးခေါင်းနောက်မှာရှိနေတယ်
"ငါကတော့တိတ်မနေနိုင်ဘူး" ဆိုတဲ့ တော့စတွိုင်းရဲ့ပြောစကားလို
မတိတ်ဆိတ်နိုင်သူကျောင်းသားတစ်စုဟာ
သူတို့ရဲ့ Dialog ကိုဖြန့်ဝဲလိုက်ကြတယ်
အဲဒီအချိန်မှာ ကျနော်တို့ဟာ ပွက်လောရိုက်
ဒီကောင်တွေကြောင့် ငါတို့တော့ နှိပ်ကွပ်ခံရတော့မယ်လို့
ပြောသူကပြော
ဒီနှစ်ချက်လောက်ကတော့ဖြင့် သိပ်ပြီးမဆိုင်လှဘူးလို့
ဆရာကြီးစတိုင် ပြောသူကပြော
ဒါတွေကမကောင်းဘူး ဒီကောင်တွေက နာမည်ကြီးချင်လို့ပဲလို့
ဖောက်သူကဖောက်
သူရဲကောင်းဆန်လှချည်ရဲ့လို့ ချီးကျူးသူကချီးကျူး
ရေးထားတာမိုက်တယ်လို့ပြောတဲ့ မိန်းကလေးတွေလည်းရှိ
ဆိုတော့ ပြောစကားတွေရဲ့နောက်မှာ
ကျနော်တို့ဟာ ကြိုးချည်တဲ့သူကိုမကိုက်ဘဲ
ကြိုးကိုပဲဟောင်နေတဲ့ခွေးကလေး ဖြစ်နေကြတယ်
ဘာပဲဖြစ်ဖြစ် အဖြစ်အပျက် ပြီးဆုံးသွားပြီးနောက်မှာ
ကျနော်တို့မိဘတွေ ကျနော်တို့အကြောင်းကိုမသိတော့ဘူး။ ။
ကိုဥက္ကာ( စက်မှု )