ပြန်လမ်းမဲ့ကျွန်း
ငါတို့ရွေးချယ်ထားတဲ့တိုက်ပွဲကို
ငါတို့အဆုံးတိုင်တိုက်ရမှာပဲ
ရန်သူဟာငါတို့ဦးနှောက်ထဲကို
အဆိပ်ခတ်သွားတယ်
ရန်သူဟာ အလစ်ငိုက်ငါတို့ကို
နောက်ကျောကနေဝင်ဖြိုခွဲသွားတယ်
တိုက်ပွဲကျသွားတဲ့ငါ့ကောင်တွေ
ခြေတွေလက်တွေရိုက်ချိုးခံရ
စိတ်ဓာတ်တွေပြိုလဲကျ လမ်းပျောက်ကျ
ငါတို့အသက်ရှင်ကျန်ခဲ့တယ်ဆိုတာ
တိုက်ပွဲကိုနိုင်အောင်တိုက်ဖို့ပဲ
ဘာအတွက်မှမင်းစိတ်ဓာတ်ကိုခဲဆွဲမထားနဲ့
မင်းအိမ်မက်တွေကိုဂျက်အင်ဂျင်တပ်ပေးထား သူငယ်ချင်း
ဘာအတွက်မှ လက်နက်မချနဲ့
ငါတို့ကအသေခံတပ်သားတွေမဟုတ်ဘူး
ငါတို့ကဗျူဟာသမား စနိုက်ပါသမား
တစ်ထောင့်ခြင်းဖြိုချပစ်မဲ့ကောက်တွေ
နောက်ဆုံးတောင်ကုန်းကိုသိမ်းပြီးရင်
ငါတို့အောင်လံထူလို့ရပြီ ဘာအတွက်မှ
လက်နက်မချနဲ့
ငါတို့မျှော်လင့်ချက်ကိုရန်သူသိပါစေ
ငါတို့ပြန်လည်မေးခွန်းထုတ်နိုင်မှုကို
ရန်သူကြောက်လန့်မိပါစေ
ရန်သူဟာအင်အားကြီးတယ်
ရန်သူဟာအပြောင်းအလဲမြန်တယ်
ရန်သူဟာငါတို့ကိုထွက်ပေါက်ပိတ်အောင်လုပ်ထားတယ်
ငါတို့ဟာနောက်ဆုံးကျဉ်ဆံဖြစ်တဲ့
ငါတို့ကို ငါတို့ချွန်အောင်သွေးလို့
ဒီတိုက်ပွဲကို နိုင်အောင်တိုက်ပြစ်ရမှာပဲ
မဟာဗျူဟာမြောက် စစ်ဆင်ရေးပြီးဆုံးရင်
ပြန်လမ်းမဲ့ကျွန်းက လွတ်ပြီကျွတ်ပြီ။ ။
koOakkaR
ကြွေပွင့်
ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ်၊ ယခုလှစ်သည်
ရွှေရစ်ပန်းပြာ၊ ခပ်မာမာလေး။
လှမ်းမမီပေမယ့်
မောနေပါ့မယ်၊ ခူးမလွယ်ဘူး
မြေ၀ယ်လျောင်းစင်း၊ မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့်၊ ခရေပွင့်လေး။
အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့်၊ လှမ်းကြိုနှင့်သည်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်။ ။
ကြည်အေး
ရှုမ၀မဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၁၉၅၃
“နွမ်းလျအိမ်အပြန်ဝတ္ထု”မှ
ကိုထိုက်ကြီး
တန်ဖိုးနားမလည်ကြသူများ
---------------------------------
တို့ရွာနံဘေးက ကားလမ်းမှာ
ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့
ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း
ဖြတ်သွားဖြတ်လာ လူတစ်ယောက်က
ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့
သံတိုသံစ၀ယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။
သူ့အတွက်တော့
ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့
ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့
အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။
ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး
အမှိုက်ပုံ ရောက်သွားကြတယ်။
ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။
တို့ရွာနားက လယ်ကွင်းမှာ
ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့
နောက်နှစ်အတွက် မပြန်တော့ဘဲ
နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။
ရွာမှာ ဇရှိတဲ့လူတွေက
ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး
သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။
ဘိုဒူဇာပြင်ဘို့ ကုမ္မဏီက
စင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀၀ဘိုးကျသတဲ့။
သူခိုး နွားကောင်းမသိရ ဆိုတာ
ဒါမျိုးနဲ့တူပါရဲ့။
မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို
ယိုးဒယားကိုရောင်းတာ
တစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။
ယိုးဒယားကလာတဲ့ ဓာတ်ဆီက
တစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။
မနက်မိုးလင်းတိုင်းမှာ
ထိုင်းပြည်သူတွေက
ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်း
နှုတ်ခွန်းဆက်နေလေရဲ့။
ရွှေလီမြစ်ပေါ်က
ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့်
တရုပ်ပြည် ယူနန်ပြည်နယ်မှာ
တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။
လျှပ်စစ်အရောင်းအ၀ယ် ဘယ်လိုဆိုတာ
ကျုပ်တို့ပြည်သူတွေမသိရပေမဲ့
ယူနန်ပြည်သူအပေါင်းကတော့
ညနေမိုးချုပ်လေတိုင်း
ထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီး
အိပ်ယာဝင်တိုင်း
ကျေးဇူးတင်လေရဲ့။
ကျုပ်တို့မြန်မာပြည်မှာတော့..
မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီး
မင်္ဂလာဈေးကြီးမီးလောင်တာ သိန်း......ထောင်ဘိုး
သင်္ကန်းကျွန်းဈေး........................................
ပခုက္ကူဈေး.................................................
မုံရွာဈေး......................................................
မော်လမြိုင်ဈေး...........................................
ဈေးတွေ..............ဈေးတွေ.............................
မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာ
လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့
လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ
အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ
ပူအိုက်တဲ့ရာသီမှာ မီးမလာလို့
မီဖစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ
အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန်
ကာဗွန်အဆိပ်သင့်ပြီး
မာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။
ဒီအချိန်မှာ မီးပျက်နေကျ
မီးပျက်တုန်း ၀ါယာပြင်လိုက်ဦးမှဆိုပြီး
လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်
ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။
တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့
ကာဗွန်ဓာတ်ငွေ့တွေကြောင့်
ထောင်သောင်းမကသော
အဆုတ်ရောဂါသည်တွေဟာ
တရုပ်ကလာတဲ့ ဈေးပေါပေါဆေးကို
ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့
လမ်းညွှန်မှုနဲ့ ၀ယ်သောက်နေကြရတယ်။
၅၀တန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့
သကြားလုံးက အဆစ်ပါလာသေးတယ်။
ချောင်းဆိုးရင် ရွှေတောင်ကြီး
ရင်ကြပ်တော့ ထက်လင်း
သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ
ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး
ဘာမှန်းမသိတဲ့ ဆေးတွေနဲ့
၂ပါးသွားနေလိုက်ကြတာ
ကွမ်းယာသည် ကုလားအတွက်တော့
ဟီးနေတဲ့တိုက်အိမ်ကြီးကို
အပြီးတိုင်စေခဲ့တယ်။
ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း
မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ
မှိုလိုပေါလာခဲ့တယ်။
ငွေကြေးတက်နိုင်တဲ့ သူတွေကတော့
ကိုယ့်တိုင်းပြည်က ဆေးရုံကို
ဘာကြောင့်ရယ်မသိ ကျော်ခွလို့
ယိုးဒယားသွား ဆေးကုဘို့အတွက်
သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။
တရုပ်နဲ့ ထိုင်းကလာတဲ့
လျှပ်စစ်နဲ့ ပတ်သက်သမျှသော
တီဗီအောက်စက် ရေခဲသေတ္တာအစရှိသော
လူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း
မမှန်လေသော လျှပ်စစ်မီးကြောင့်
ပျက်အစဉ် ပြင်ခဏ ဆိုသောစကားကဲ့သို့
ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့်
ပြင်ခမတတ်နိုင်ရကား
အမှိုက်ပုံသို့ သာမြန်းရလေသတည်း။
လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း
လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း
ဘတ္ထရီအိုး ၀ယ်သုံးလေသောကြောင့်
အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့်
ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။
နံနက်လင်းတိုင်း
ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍
မြန်မာပြည်တ၀ှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏
အကြောင်းချင်းရာအစုံလင်ကို
နှံ့စပ်သိမြင်သောအရာ၌
ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍
မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော
မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူ
ဆည်အရာ၌ ဧတဒဂ်ရတော်မူသော
နွားနှင့်ပင်လျှင်
လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌
သူလည်းတပါးအပါဝင်ဖြစ်သော
ဟိုဝန်ကြီးပြောစကားအရ
လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ
မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့်
အိမ်နီးချင်းတိုင်းပြည်ကို
အလကားနီးပါးဈေးနှင့်
ကြိုးသွယ်၍ရောင်းရသည်။
ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်
ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော
ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှ
လုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း
ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော
ကြယ်ခေါင် ကာရာအိုကေခန်းမှ
ပလောင်ပျိုဖြူငယ်တို့၏
ငိုညည်းသံကဲ့သို့သော်လည်းကောင်း
ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော
ကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်
တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော
မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း
အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍
ထောက်ခံအပ်၏။
တိမ်သလ္လာဖုံးအုပ်သော
လကွယ်ည၏သန်းကောင်ယံအခါကာလ၌
တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့
အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကား
ညအိပ်ယာဝင်လေတိုင်း
ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။
တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။
ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။
စက်မှုစွမ်းအား ခေတ်ကျော်လွှား
ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့
အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာ
စက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော
လျှပ်စစ်ဓာတ်အားကို
ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော
ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား
ဘူရိဒတ် ဇာတ်တော်လာ
စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသော
ပုဏ္ဏားနှင့်သာ တူချေတော့သည်။
နံနက်လင်းသော်
ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း..
ညနေမိုးချုပ်သော်..
တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း..
မြန်မာပြည်ဘက်သို့ လှည့်ကာ.
နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း..
မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။
နေရဲနီ
---------------------------------
ဆရာနေရဲနီအား အထူးကျေးဇူးတင်ပါသည်...။
(ဖတ်ကြည့်လေ..ခံစားရလေဖြစ်သဖြင့် တင်ပေးခြင်းပါ)
ကိုထိုက်ကြီး
* ကိုယ့် ဒု လ္လ ဘ ဟာ တန် ရဲ့ လား *
ခေတ် အ ဆက် ဆက်
ရ လိုက် တာ တွေ ရှိ တယ်
မ ရ လိုက် တာ တွေ ရှိ တယ် ။
ပ ဒေ သ ရာဇ် စ နစ် က နေ
"ဘု ရား" ထူး ခြင်း နဲ့
ရို သေ တုပ် ကွ ခြင်း ရ လိုက် တယ် ။
ကို လို နီ စ နစ် က နေ
ဘော လုံး ကန် နည်း နဲ့
ဘို ကေ ညှပ် နည်း ရ လိုက် တယ် ။
ပြီး တော့ .....
သ ခင် ကိုယ် တော် မှိုင်း နဲ့
ဗိုလ် အောင် ကျော် ကို ရ လိုက် တယ် ။
ဖက် ဆစ် စ နစ် က နေ
ကြမ်း ကြုတ် ရက် စက် ခြင်း နဲ့
ညှင်း ပမ်း နှိပ် စက် ခြင်း တွေ ရ လိုက် တယ် ။
( လူ လို သူ လို အ နေ အ ထိုင် တွေ တော့ မ ရ လိုက် ဘူး )
လွတ် လပ် ရေး ခေတ် ဦး က နေ
ညီ ညွတ် ခြင်း တွေ ရ လိုက် တယ် ။
ပြီး တော့ .....
သ ခင် အောင် ဆန်း
သ ခင် ဗ ဟိန်း နဲ့
ဟို စဉ် အ ခါ တံ ပိုး တည့် တည့် ထမ်း ခဲ့ ကြ တဲ့
" စိုး နဲ့ သန်း " ကို လည်း ရ လိုက် တယ် ။
ကွန် မြူ နစ် ဝါ ဒ ရ လိုက် တယ် ။
( ဂဠုန် ဦး စော နဲ့ ဗ စိန် ထွန်း အုပ် တို့ကို မ ရ လိုက် ဘူး )
ခေတ် စမ်း စာ ပေ က နေ
ဇော် ဂျီ မင်း သု ဝဏ်
သိပ္ပံ မောင် ဝ နဲ့ မောင် ထင် တို့ကို ရ လိုက် တယ် ။
စာ ပေ သစ် က နေ
ဒ ဂုန် တာ ရာ ကြည် အေး နဲ့
မြ သန်း တင့် တို့ကို ရ လိုက် တယ် ။
မိုး ဝေ စာ ပေ က နေ
မောင် လေး အောင်
မောင် ယဉ် မွန် နဲ့
နေ ဒေါင်း နီ ကို ရ ခဲ့ တယ် ။
ခေတ် ပေါ်စာ ပေ က နေ
ဖော် ဝေး မောင် ချော နွယ်
အောင် ချိမ့် နဲ့ ဒီ ပ ရ င်္ဂံ လှ သန်း ကို ရ လိုက် တယ် ။
ကိုယ့် က ဗျာ ကိုယ်
ကျီး ကန်း လို တ အာ အာ ဆူ ညံတာ က လွဲ လို့
L.P က နေ ဘာ မှ မ ရ လိုက် ဘူး
ရ လိုက် တယ် ။
လမ်း ကြောင်း အ လွဲ တွေ
တ လွဲ ဆံ ပင် ကောင်း တွေ
ကျီး အာ သီး မှည့် လို
အ ပြင် မှာ နီ ရဲ ပြီး
အ ထဲ မှာ ပုပ် သိုး နေ တဲ့
ကိုယ့် ဒု လ္လ ဘ ဟာ တန် ရဲ့ လား
လူ ကြီး မင်း
ဆက် သွယ် မှု ဧ ရိ ယာ ပြင် ပ ရောက် နေ တယ်
ကိုယ့် ဒု လ္လ ဘ ကိုယ် တန် ရဲ့ လား
လူ ကြီး မင်း ။ ။
ဥ က္ကာ ကျော်
ကိုထိုက်ကြီး
မောင့်ကိုစိမ်းကား မယ်နှမကဆိုသလား
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်းယောင်းမတို့လေ
ရှင်လူထွက်သစ် ဆယ့်သုံးနှစ်က
ချစ်တဲ့သူကို အယူတခြား
မိထွေးများက ဆီးတားဆို
ရစ်ကိုထောင်ကာ ထားရတယ်
နှမ်းနယ်တစ်ရာ ရှေးကပါ
ကြမ္မာငွေ့ကြောင့် မတွေ့ရတာ
ကြာတောင်ကြာမှ မျက်နှာတူရှု
သူလည်းအလာ မယ်သာအမျှော်
နေဝင်ကျော် ထွေးတော်အိမ်ပါး
တောင်ဆီနားသို့ ယာသွားပို့ပြန်
စောင်းလျားခြံနှင့် လက်ပံပင်ရှေ့
ကျဉ်းမြောင်းကွေ့ တွေ့သောအခါ
ပဝါယက်သစ် မယ်ကပေးတဲ့
ပိုးသေးမဲပါ ခေါင်းပေါင်းပြာ
လည်မှာစလို့ ဖွင့်လှစ်ကယ်မဆို
ပခုံးလက်တင် မယ့်ကျောပြင်
လက်တင်ရပ်လို့ မတ်တတ်ကယ်ငို
မောင့်ကိုစိမ်းကား မယ်နှမကဆိုသလား
တို့ချစ်ခြင်း ကွင်းအောင်တစေ
နေ့တိုင်းမွှေတဲ့ သက်ကြီးဝန်တို
မြင်တိုင်းမုန်းစရာ့ ကုန်းမအို
ရေလိုခန်းခြောက်စေသား။ ။
တောင်တွင်းရှင်ငြိမ်းကျော်၏အိုင်ချင်း
မိုးစက်တွေလို
တိမ်ညိုညိုလေး
တိုးတိုးလေးငိုတဲ့ညနေ
အိမ်ရှေ့ပြတင်းနား
သတိရခြင်းသီချင်းတစ်ပုဒ်
သစ်ရွက်ကြွေတွေနဲ့အတူ
ဝေ့ဝဲလာတယ်
မရည်ရွယ်ခဲ့ပါဘူး
ဆို့တက်လာတဲ့အလွမ်းနဲ့
ညီမလေးအပြုံးကိုချင်ခြင်းတက်တဲ့အခါ
ညီမလေးရှိတဲ့အရပ်
ညီမလေးရဲ့အိမ်ခေါင်မိုးပေါ်
တိမ်တွေလိုငွေ့ရည်ဖွဲ့လိုက်ချင်
အချစ်ကမိုးစက်တွေလို
ကြွေကျပေါ့။ ။
ချစ်နေရခြင်းဖြင့်ကုံလုံပြည့်ဝပါစေ
ဆင့်ကဲဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်
ငါတို့လိုချင်တဲ့အရွေ့တစ်ခုကို ရောက်အောင် ငါတို့ကိုယ်တိုင်
အပွန်းပဲ့ခံ အတွန်းအတိုက်ခံ
တရွေ့ရွေ့ ရွေ့ခဲ့ရမှာပဲ
ငါတို့လိုချင်တဲ့ အမှတ်တစ်ခုကိုရောက်တဲ့အခါ
ငါတို့ဟာပုံသဏ္ဌာန်အရရော
ပြောင်းလဲခဲ့ပြီ။ ။
၂၀၁၁ ရဲ့ အစောပိုင်းလတွေမှာရေးသည်။
သို့ . . . ကိုယ့်လူ
ဒီမှာ
ခင်ဗျား NLD ကိုချစ်တယ်လို့ မပြောနဲ့
နောက်
ခင်ဗျား USDP ကိုမုန်းတယ်လို့ မပြောနဲ့
နိုင်ငံရေးပြဿနာ
ရတယ် ခင်ဗျားမပြောနဲ့
အကြမ်းဖက် ပဋိပက္ခ
ရတယ် ခင်ဗျားမပြောနဲ့
NLD အတွက်
USDP အတွက်
နိုင်ငံရေးပြဿနာ အတွက်
အကြမ်းဖက် ပဋိပက္ခ အတွက်
ငြိမ်းချမ်းရေး အတွက်
ကုန်ဈေးနှုန်း ကြီးမြင့်မှု အတွက်
ခင်ဗျားအတွက် သူတို့ ရှိပါတယ်
သူတို့က သစ္စာရှင်တွေ
သူတို့က ရိုးသားသူတွေ
သူတို့က အကြွင်းမဲ့စွာ ယုံကြည်ရသူတွေ
သူတို့က နေရာမယူတတ်ကြ
သူတို့ကိုင်တဲ့ လက်နက်က ကလောင်ဖြစ်တယ်
သူတို့ပြောတဲ့ စကားက တဘောင်ဖြစ်တယ်
သူတို့ပြတဲ့ လမ်းကိုလျှောက် ပန်းတိုင်ရောက်တယ်
သူတို့က ခင်ဗျားရဲ့ ထာဝရ မိတ်ဆွေကောင်း
ဒါကို ခင်ဗျားယုံပါစေလို့ ဆုတောင်းနေမဲ့
ကျနော်
ကိုထိုက်ကြီး
တစ်ကယ်ဖြစ်ရမဲ့အရာတွေမှဟုတ်ရဲ့လား
မင်းမှာပြောခွင့်ရှိလား
ပြောလို့ရလား
မင်းမှာပြောခွင့်ရှိလား
ပြောလို့ရလား
မင်းမှာပြောခွင့်ရှိလား
ပြောလို့ရလား
မင်းမှာပြောခွင့်ရှိလား
ပြောလို့ရလား
မင်းမှာပြောခွင့်ရှိလား
ပြောလို့ရလား
မင်းမှာပြောခွင့်ရှိလား
ပြောလို့ရလား
မင်းမှာပြောခွင့်ရှိလား
ပြောလို့ရလား
မင်းရော တစ်ကယ်ရော
ပြောခွင့်ရှိလား
ပြောလို့ရလား။
ပင်ပျိုငိုချင်း
ကျနော်နဲ့လူတစ်ချို့ရဲ့ မကင်းကွာနိုင်မှုတွေ
ကျနော်နဲ့လူတစ်ချို့ရဲ့ သတ္တိကင်းမဲ့မှုတွေ
ကျနော်နဲ့လူတစ်ချို့ရဲ့ မကျော်လွှားနိုင်မှုတွေ
ကျနော်နဲ့လူတစ်ချို့ရဲ့ အလိုမကျမှုတွေ
---
---
---
ကျနော်နဲ့လူတစ်ချို့
အကန့်အသတ်မရှိသော တပ်မက်မှုတွေကို
ကျနော်တို့ကိုယ်တိုင်ပဲ ယုံကြည်မှုကင်းမဲ့နေကြပြီ
ကျနော်နဲ့လူတစ်ချို့က အရူးတွေလား
အရူးတွေကြောင့် ကျနော်တို့ရူးနေကြသလား
ဒါမှမဟုတ်
ကျနော်တို့တွေ ထောင်ခြောက်တွေထဲကို
ညာသံပေးပြီးခုန်ဝင်ဖို့ ကြိုးစားနေကြသလား
ကျနော်ဟာ ကမ္ဘာမြေကြီးအတွက်
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ မြိုချချင်နေတဲ့
ကန္တာရထဲက သစ်ပင်တစ်ပင်။။
ကိုထိုက်ကြီး
သူငယ်ချင်း
တစ်ယောက်ရဲ့အတွန့်အကြေကို
တစ်ယောက်ကဖြန်ဖျေကြတာ
တစ်ယောက်ရဲ့ပြောစကားကို
တစ်ယောက်က အလေးထားနားထောင်ပေးတာ
မြင့်သွားလို့ပဲဖြစ်ဖြစ်
နိမ့်သွားလို့ပဲဖြစ်ဖြစ်
တစ်သမတ်တည်းသဘော
အားပေးမှုနှင့်မေတ္တာထားနိုင်တာ
နောက်ဆုးံ
လောကကြီးမှာဘယ်သူမရှိရှိ ရှိရှိ
ဒီကောင်တော့ ငါ့အနားမှာ ရှိနေမှာပဲ
ဆိုတာ......။
စကြာဝဋ္ဌာကြီးရဲ့အစက်အပျောက်လေးတွေ
မြက်ခင်းပြင်ပေါ်မှာဖြတ်ပြေးခဲ့တယ်
ကိုယ့်ရဲ့လိုအပ်မှုတွေရောမလိုအပ်မှုတွေရောလေထဲမှာလွင့်ပစ်ရင်း
လူငယ်တစ်ယောက်ပဲ ဘဝရဲ့အစိုင်အခဲတွေ မရင်းနှီးချင်ပေမဲ့ရင်းနှီးခဲ့ရမှာပဲ
အစဉ်ကျိုးပဲ့နေပါတယ်ဆိုတဲ့ ကမ္ဘာကြီးမှာ
ငါတို့မျှော်လင့်နိုင်တာ ဘာတွေပါလိမ့်
ချောက်ကမ်းပါးကြီးတွေလား ရက်စက်ဓားလှံတွေလား
ရွေးချယ်စရာတော့အများသားမဟုတ်လား
လှေကားထစ်တွေတစ်ဆင့်ပြီးတစ်ဆင့်
ကိုယ့်ရဲ့အမှတ်လက္ခဏာကိုပြဖို့အတွက်
ကိုယ့်ရဲ့နှလုံးသားကိုနားလည်အောင်ကြိုးစားရမယ်
ကိုယ်ဟာထောင့်တစ်ထောင့်ကနေအကြုံးဝင်တယ်
ကိုယ်ဟာလွတ်ထွက်နေတဲ့အပိုင်းအစမဟုတ်ဘူး
ကိုယ်ဟာ စကြဝဠာကြီးရဲ့အစွန်အဖျားအပိုင်းအစလေးပဲ ဒါပေမဲ့ ကိုယ်ဟာပျော်ဝင်လွယ်တဲ့ရေစက်ကလေးပဲမဟုတ်လား။
ကဗျာလေး
တီရှပ်နဲ့ဂျင်းဘောင်းဘီနဲ့ကဗျာကို
ကောင်မလေးကို ချစ်သလိုချစ်တယ်
လည်ပင်းဖတ်ပါပဲ ငယ်ပေါင်းပါပဲ ကဗျာက
ငါ့ကိုယ်ငါ ပြန်ဖျော်ဖြေနေရတဲ့ပြဇာတ်ပဲ
ငါတို့ ကမ္ဘာကျဉ်းကျဉ်းမှာ ကဗျာက
ငါ့ကာရာအိုကေပဲ ငါ့အရက်ဆိုင်ပဲ
ငါနမ်းချင်တဲ့ ကောင်မလေးပဲ.
ရွှေရောင်လက်မှတ်
မင်းနဲ့မျက်နှာချင်းဆိုင်မိရင်
willians walkarရဲ့ရွှေရောင်လက်မှတ်ကို
ကံကောင်းထောက်မစွာရခဲ့တဲ့
ကောင်လေးChalee လိုငါပျှော်လိုက်တာ.
့မြစ်
ဘယ်လောက်ပဲကွေ့ကောက်ကွေ့ ကောက်
ပင်လယ်အထိတော့ရောက်အောင်
သွားမှာပဲမဟုတ်လား ဒါဟာဘဝလို့
ဒါဟာသံသရာလို့သူကပြောနေခဲ့တာ.
ကြွေချိန်
ပြဒါးမရှိတဲ့ မှန်တစ်ချပ်က ပုံရိပ်ကောင်းထင်ဖို့ ဖြစ်နိုင်ပါ့မလား
ပြဒါးမရှိတော့လို့ ပုံရိပ်ကောင်းမထင်နိုင်တဲ့ မှန်တစ်ချပ်ကိုအပြစ်မဖို့ကြနဲ့
တစ်ချိန်က သူ့လောက်အမှန်ဘက်ကရပ်တည်နိုင်တာ ဘယ်သူရှိလို့တုန်း
အားမရှိလို့နားနေသူကို အပြစ်မဖို့ကြနဲ့
တစ်ချိန်က သူ့လောက်ဘယ်သူတွန်းခဲ့တုန်း
ပါးမရှိတော့လို့ တရားမှတ်နေသူကို အပြစ်မဖို့ကြနဲ့
တစ်ချိန်တုန်းက သူလောက်ဘယ်သူတရားဟောခဲ့တုန်း
ကျားမရှိတော့လို့ တောပျောက်သွားတာမဟုတ်ဘူး
ဝါးမရှိတော့လို့ တောခြောက်ခဲ့ရတာ
အချစ်မရှိတော့လို့ အသဲကွဲနေကြတယ်မထင်နဲ့
အသစ်မရှိတော့လို့ ၀မ်းနည်းနေကြတာ
အပေါက်မရှိလို့ မပြောခဲ့ကြတာမဟုတ်ဘူး
အကြောက်ရှိလို့ မပြောရဲကြတာ
ခင်ဗျားတို့ အကြောင်းတရားတွေကို မမေ့ကြနဲ့။ ။
ကိုထိုက်ကြီး
ကျေနပ်ခြင်း
ကုန်ဆုံးခဲ့တဲ့ အတိတ်မှာ
ခင်ဗျားမဖြစ်ချင်တာတွေဖြစ်ခဲ့မယ်
ကျနော်မဖြစ်ချင်တာတွေဖြစ်ခဲ့မယ်
အတိတ်ကဖြစ်ခဲ့သော ကောင်းမှု မကောင်းမှု
နှစ်ခုစလုံးကို လက်ခံနိုင် လက်မခံနိုင်ရှိမယ်
ဒါပေလဲ့ အခုအချိန်ထိတော့
နာရီလက်တံတွေကို ပြောင်းပြန်လှည့်ဖို့က
မဖြစ်နိုင်တာ အသေအချာပဲ
တစ်ခုပေါ့
ခင်ဗျားက သံသရာကိုယုံလို့
ဗုဒ္ဓရဲ့တရားနဲ့ ဆင်ခြင်ခဲ့ရင်
အနည်းဆုံး အူဝဲ လို့တော့ တဖန်အော်ခွင့်ရမှာပါ။။
ကိုထိုက်ကြီး
"အချစ်ရယ်"
*မေတ္တာတရားရင်မှာများ အရမ်းချစ်ခဲ့တယ်အချစ်ရယ်...
*အငွေ့အသက်တွေကျန်ရစ်နေ. သတိရမိတယ်အချစ်ရယ်...
*ဆိုင်ကယ်တစ်စီးအတူတူစီး တမ်းတမိတယ်အချစ်ရယ်...
*နားလည်မှုတွေမထားနိုင် နာကြည်းမိတယ်အချစ်ရယ်...
*တစ်ခါတလေစိတ်မှာလေ. မျှော်လင့်မိတယ်အချစ်ရယ်...
*အိပ်မက်ဆိုးညအိပ်မရ. ဖက်ထားချင်တယ်အချစ်ရယ်...
*သစ္စာတရားလက်ကိုင်ထား သိစေချင်တယ်အချစ်ရယ်
ကာရန်ဂျဲ
Team-work
တစ်ပါးသူအတွက်စွန့်လွှတ်ရတာ
မွန်မြတ်ပါတယ် သန့်စင်ပါတယ် စေတနာပါတယ်
လှုပ်ရှားကြ လူငယ်တွေလှုပ်ရှားကြ
အစုအဖွဲ့လေးကနေ အစုအဝေး
အစုအဝေးကနေ အ၀န်းအ၀ိုင်းသို့
လှိုင်းလုံးလေးကနေ လှိုင်းလုံးကြီးအဖြစ်စုပေါင်း
ကျောက်ကမ်းပါးယံကို ရိုက်ချသလို
မေတ္တာဂရုဏာဟာ
ထိခတ်တယ် ကူးစက်တယ် ကျယ်ပြန့်တယ်
ပေးကမ်းခြင်းအတွက် ပရဟိတအတွက် အများအကျိုးအတွက်
ထောင့်တစ်ထောင့်ကနေ ပါဝင်ပတ်သတ်ခြင်းအတွက်
လူငယ်တွေ ပင့်ကူအိမ်လိုချိတ်ဆက်မိသွားတယ်
ဖယောင်းတိုင်မီးလို လက်ဆင့်ကမ်းထွန်းညှိသွားရမယ့်
စိတ်ဓာတ်မျိုး လင်းပွင့် နေရောင်အောက်မှာ
ငါတို့လူငယ်တွေ
လက်တွဲကြ မွေးမြူကြ သတ္တိရှိကြ
ရှေ့တန်းရောက်ကြ အမြင်ကျယ်ကြ ကောင်းမြတ်ကြ
ချစ်တတ်ကြ လူ့အဖွဲ့အစည်းကို အဖွဲ့အစည်းစိတ်ဓာတ်နဲ့
လူငယ်အဖွဲ့အစည်း အတောင်ဖြန့် ပျံသန်းနိုင်စေသောဝ် . . . .
ကိုဥက္ကာ ( စက်မှု )
I AM COLLEGIAN
ကျနော်တို့ ကြည့်ဖူးတယ်လို့ဖြေရတာပေါ့
ဒါပေမယ့် အဲဒီဇာတ်ကားဟာ ကျနော်တို့ရဲ့ထွက်ပေါက်မဟုတ်ဘူး
ကျနော်တို့က ကာလာနှစ်ခုတည်းနဲ့ အကျည်းကျနေတာ
ခတ်တည်တည်နဲ့ အယောင်ဆောင်နေရတာ
Light Truck ကားတွေပေါ်က အရုပ်တွေပါ
ကျနော်တို့ ကျောင်းသင်ပုန်းတွေပေါ် စာသင်ခုံတွေပေါ်
ကျနော်တို့ရဲ့ ငြီးငွေ့မှုတွေ ဒဏ်ရာတွေ
လှောင်ပိတ်မှုတွေကို ရေးချလိုက်တယ်
ဘာကမှားတယ် ဘာကမှန်တယ်
ဘာအတွက်မှားရတယ် ဘာအတွက်မှန်ရတယ် ဆိုတာအတွက်
ကျနော်တို့ ဘယ်လောက်တောင် ရင့်ကျက်ပြရမလဲ
အမှားနဲ့အမှန်ကြားမှာ
အမှန်လိုလို အမှားလိုလိုအရာတွေ ရှိသေးတယ်ဆိုတာအတွက်
ကျနော်တို့ အချိန်တွေကြာမြင့်ခဲ့ရမယ်ပေါ့
အဲဒီအတွက်ရလဒ်က
ကျနော်တို့ဟာ စက်ရုံထွက်ကုန်ပစ္စည်းတွေလို
ထုတ်လုပ်ခံရပါမယ်
ဈေးကွက်ထဲမှာ အရည်အသွေးနိမ့်ကုန်ပစ္စည်းတွေအဖြစ်
စွန့်ပစ်ခံရပါမယ်
တစ်ချက်လောက်လင်းပစ်လိုက်တာနဲ့ အသက်ခြွေကျည်တစ်တောင့်ဟာ
ကျနော်တို့ဦးခေါင်းနောက်မှာရှိနေတယ်
"ငါကတော့တိတ်မနေနိုင်ဘူး" ဆိုတဲ့ တော့စတွိုင်းရဲ့ပြောစကားလို
မတိတ်ဆိတ်နိုင်သူကျောင်းသားတစ်စုဟာ
သူတို့ရဲ့ Dialog ကိုဖြန့်ဝဲလိုက်ကြတယ်
အဲဒီအချိန်မှာ ကျနော်တို့ဟာ ပွက်လောရိုက်
ဒီကောင်တွေကြောင့် ငါတို့တော့ နှိပ်ကွပ်ခံရတော့မယ်လို့
ပြောသူကပြော
ဒီနှစ်ချက်လောက်ကတော့ဖြင့် သိပ်ပြီးမဆိုင်လှဘူးလို့
ဆရာကြီးစတိုင် ပြောသူကပြော
ဒါတွေကမကောင်းဘူး ဒီကောင်တွေက နာမည်ကြီးချင်လို့ပဲလို့
ဖောက်သူကဖောက်
သူရဲကောင်းဆန်လှချည်ရဲ့လို့ ချီးကျူးသူကချီးကျူး
ရေးထားတာမိုက်တယ်လို့ပြောတဲ့ မိန်းကလေးတွေလည်းရှိ
ဆိုတော့ ပြောစကားတွေရဲ့နောက်မှာ
ကျနော်တို့ဟာ ကြိုးချည်တဲ့သူကိုမကိုက်ဘဲ
ကြိုးကိုပဲဟောင်နေတဲ့ခွေးကလေး ဖြစ်နေကြတယ်
ဘာပဲဖြစ်ဖြစ် အဖြစ်အပျက် ပြီးဆုံးသွားပြီးနောက်မှာ
ကျနော်တို့မိဘတွေ ကျနော်တို့အကြောင်းကိုမသိတော့ဘူး။ ။
ကိုဥက္ကာ( စက်မှု )