တွမ်ဂျုတ်တို့ ကားစုတ်ကြီး
တွမ်ဂျုတ်တို့ကားစုတ်ကြီးက အမေရိကန်မြောက်ပိုင်းပြည်နယ်တွေကိုမသွားပဲ
ငါတို့မြန်မာနိုင်ငံထဲကို ရောက်လာတယ်
တွမ်ဂျုတ်တို့ကားစုတ်ကြီးပေါ်မှာ ကလေးတွေရော ခွေးတွေရော
ရှိစုမဲ့စု အသက်ရှင်ရပ်တည်မှုလေးရော ပရိဘောဂအစုတ်အပြတ်တွေရော ပါတယ်
တွမ်ဂျုတ်တို့ကားစုတ်ကြီးက နေရောင်ပြင်းပြင်းအောက်မှာ
ဖုတ်လှိုက်ဖုတ်လှိုက် အသက်ငင်နေတဲ့အသံနဲ့ ရောက်လာတယ်
တွမ်ဂျုတ်တို့ကားစုတ်ကြီးပေါ်မှာ အဘိုးတွမ်က နာနာကျည်းကျည်း စကားတစ်ခွန်းကိုပြောတယ်
" ဒီမြေပေါ်မှာ ငါ့အဘိုးရော ငါ့အဘွားရော သေခဲ့တယ်
ငါ့ညီ မင်းဦးလေးရော သေခဲ့တယ်
ငါတို့ခုတ်ထွင်ရှင်းလင်းခဲ့တာ ဒီနေရာ ငါတို့ချွေးတွေကျခဲ့တာလည်း ဒီမြေပဲ
ငါတို့အသက်တွေ ကြိုးစားတည်ဆောက်ခဲ့တာလည်း ဒီမြေပဲ
အခု ဒီမြေကိုပဲ ငါတို့မပိုင်တော့ဘူးတဲ့ ငါတို့ ဘာလုပ်ကြမလဲ"
တွမ်ဂျုတ်တို့ကားစုတ်ကြီးက ရေကြည်ရာမြက်နုရာ ရွှေ့ခဲ့ကြတာမဟုတ်ဘူး
ထွန်စက်ကြီးတွေ မြေပိုင်ရှင်ကြီးတွေက
သူတို့အိမ်တွေဆီကနေ မောင်းထုတ်ခံခဲ့ရတာ အခုပဲ
တွမ်ဂျုတ်တို့ကားစုတ်ကြီးက မြန်မာနိုင်ငံကို ရောက်လာတယ်။ ။
Yobbo